





၁၉.၃.၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဒုတိယဥက္ကဋ္ဌ ဒေါ်စုညွန့်ဦး၊ အတွင်းရေးမှူး ဒေါ်မေမြင့်မောင်၊ ဗဟိုအလုပ်အမှုဆောင်များနှင့် အလှူရှင်များ စုပေါင်း၍ နေပြည်တော်၊ ဥတ္တရသီရိမြို့၊ သားဖွားမီးယပ်ရောဂါအထူးကုဆေးရုံကြီး (ခုတင်-၅၀၀)သို့ နေ့လည်စာအာဟာရ ကျွေးမွေးလှူဒါန်းခဲ့ကြပါသည်။ ဒုတိယဥက္ကဋ္ဌ ဒေါ်စုညွန့်ဦး မိသားစုက သားဖွားမီးယပ်ရောဂါအထူးကုဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှုခံယူနေသော အမျိုးသမီးလူနာနှင့် မီးဖွားမိခင် စုစုပေါင်း ၁၁၆ ဦးနှင့် ဆေးရုံဝန်ထမ်း ၁၀၀ ဦးအား နေ့လည်စာအာဟာရအတွက် ထမင်း၊ ဆိတ်သားဟင်း၊ ခရမ်းချဉ်သီးငါးပိချက်၊ ပန်းပွင့်ကြော် တို့ကိုပေးဝေလှူဒါန်းခြင်းအပြင် လူနာတစ်ဦးလျှင် ငွေကျပ် ၅၀၀ဝိ/- ၊ လုံချည်(၁)ထည်၊ ဆပ်ပြာမွှေး (၁)ခဲ၊ ကလေးအနှီးပိတ်စ(၂)ထည်၊ ကော်ဖီမစ်(၂)ထုပ်၊ ခေါက်ဆွဲခြောက်(၁)ထုပ်နှင့် ကြက်ဥ(၁၀)လုံးနှုန်းကို တစ်ဦးချင်းစီ လက်ရောက်ပေးဝေလှူဒါန်းခဲ့ပါသည်။ အလုပ်သင်ဆရာဝန်၊ သူနာပြုဆရာမနှင့် ဆေးရုံဝန်ထမ်း စုစုပေါင်း ၁၀၀ ဦးတို့ကိုလည်း ထောက်ပံ့ငွေ၊ ကြက်ဥများနှင့် ကော်ဖီမစ်ထုပ်များ လှူဒါန်းပေးခဲ့ပါသည်။ စုစုပေါင်း လှူဒါန်းမှု တန်ဖိုးငွေ ၄,၅၀၀,၀၀၀ ကျပ် လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ အမျိုးသမီးလူနာနှင့် မီးဖွားမိခင် စုစုပေါင်း ၁၁၆ ဦးတို့ကို အသင်း ဗဟိုအလုပ်အမှုဆောင် ဒေါက်တာနန္ဒာမွှန်းက အလှူငွေ(၁)သိန်းကျပ်၊ ဘဏ္ဍာရေးမှူး ဒေါ်အေးအေးခိုင်မှ အလှူငွေ(၅)သိန်းကျပ်နှင့် အလှူရှင်များက အလှူငွေ(၁၀) သိန်းကျပ်၊ စုစုပေါင်း ၁,၆၀၀,၀၀၀ ကျပ် လှူဒါန်းခဲ့ကြပါသည်။ ထို့နောက် ဒုတိယဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်များသည် ဆေးရုံအုပ်ကြီးနှင့်တွေ့ဆုံ၍ ဆေးရုံကြီးတွင် လိုအပ်သည့်နေရာများ၌ အသုံးပြုနိုင်ရန်အတွက် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဆေးပဒေသပင် အလှူငွေ ၁၀ သိန်းကျပ်၊ ဒုတိယဥက္ကဋ္ဌ ဒေါ်စုညွန့်ဦး မိသားစုက ဆေးပဒေသပင် အလှူငွေ ၅ သိန်းကျပ်၊ အတွင်းရေးမှူး ဒေါ်မေမြင့်မောင် မိသားစုက ဆေးပဒေသာပင် အလှူငွေ ၂ သိန်းကျပ် နှင့် အလှူရှင်မိသားစုမှ ဆေးပဒေသပင် အလှူငွေ ၂ သိန်းကျပ် စုစုပေါင်း (၁၉)သိန်းကျပ်ကို ဆေးရုံအုပ်ကြီးထံပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီးမှလက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်ပေးအပ်ခဲ့ပါသည်။
ယနေ့လှူဒါန်းမှုစုစုပေါင်းမှာ –
(၁) မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ၁,၀၀၀,၀၀၀ ကျပ်၊
(၂) ဒုဥက္ကဌ ဒေါ်စုညွန့်ဦး မိသားစုက ၅,၀၀၀,၀၀၀ ကျပ်၊
(၃) အတွင်းရေးမှူး ဒေါ်မေမြင့်မောင် မိသားစုက ၂၀၀,၀၀၀ ကျပ်၊
(၄) ဗဟိုအလုပ်အမှုဆောင် ဒေါက်တာနန္ဒာမွှန်း မိသားစုက ၁၀၀,၀၀၀ ကျပ်၊
(၅) ဘဏ္ဍာရေးမှူး ဒေါ်အေးအေးခိုင် မိသားစုက ၅၀၀,၀၀၀ ကျပ်၊
(၆) အလှူရှင် မိသားစုက ၁,၂၆၀,၀၀၀ ကျပ်၊
စုစုပေါင်း လှူဒါန်းမှုတန်ဖိုးငွေ ၈,၀၆၀,၀၀၀ ကျပ် လှူဒါန်းမှုအား မှတ်တမ်းတင်အပ်ပါသည်။