MWCDFအသင်းမှ ဥက္ကဋ္ဌနှင့်CECများသည် (၁၁.၆.၂၀၁၈)နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ မှထွက်ခွာလာပြီး မွန်ပြည်နယ်၊ မော်လမြိုင်မြို့သို့ ရောက်ရှိခဲ့ပါသည်။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ Southern Football Club အစည်းအဝေးခန်းမတွင် စုဖွဲ့ထားသော အသင်းအဖွဲ့ဝင်များ စုစုပေါင်း(၁၉)ဦးနှင့်တွေ့ဆုံခဲ့ပြီး တက်ရောက်လာသူများနှင့် တစ်ဦးချင်းမိတ်ဆက်စကားပြောကြားပြီး အသင်းဥက္ကဋ္ဌ မှ အသင်းဖွဲ့စည်းခြင်းအကြောင်း၊ အမျိုးသမီးများနှင့်ကလေးများ၏ ဘဝများကိုထိရောက်စွာ အကူအညီပေးနိုင်ရန် ယခုလိုပြည်နယ်အဖွဲ့ ဖွဲ့စည်းရခြင်းဖြစ်ကြောင်း၊ မြို့နယ်/ကျေးရွာအဆင့်ထိ ဆက်လက်ဖွဲ့စည်းရမည် ဖြစ်ကြောင်း၊ အမျိုးသမီးနှင့်ကလေးများအတွက် စုပေါင်းပြီး လိုအပ်သောကွက်လပ်များ ဖြည့်ဆည်းပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ တွဲဘက်အတွင်းရေးမှူးများနှင့် CECများမှ အသင်း၏ ဆောင်ရွက်ထားရှိမှုများ၊ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသူများ၊ အသင်းအဖွဲ့များ၏ တင်ပြချက်၊ ဆွေးနွေးချက်များအပေါ် အပြန်အလှန်ဆွေးနွေးမေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် မွန်ပြည်နယ်အတွက် MWCDFအသင်းကို အသင်းဝင်(၅)ဦးဖြင့် အောင်မြင်စွာဖွဲ့စည်းခဲ့ပါသည်။
ထို့နောက် တက်ရောက်လာကြသူများနှင့် MWCDF မှ CEC များသည် ဓမ္မသုခ(ဘ.က)ကျောင်းသို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော် ဦးနာရဒအား ဖူးမျှော်ကန်တော့ပြီး ဝတ္ထုငွေ-(၂၀၀,၀၀၀) ကျပ်၊ သင်္ကန်းခြင်း၊ ကျောင်းဝတ်စုံများ၊ ပိတ်စများ၊ ကျန်းမာရေးဆေးအိတ်များ၊ ဆိုလာမီးအိမ်များ၊ ၃၈ ဖြာမင်္ဂလာ စာအုပ်၊ ယဉ်ကျေးလိမ္မာစာအုပ်၊ အသင်းဗလာစာအုပ်များ၊ စာရေးကိရိယာများ၊ ဆန်အိတ်များနှင့် အလှူရှင်များမှ လှူဒါန်းထားသော ပစ္စည်းများအား ဆက်ကပ်လှူဒါန်း၍ ဆရာတော်ထံမှ တရားနာယူခဲ့ကြပါသည်။