MWCFDF အသင်းမှ ဥက္ကဋ္ဌနှင့် CEC များသည် (၄.၄.၂၀၁၉)နေ့တွင် ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ မန်းထြာရိပ်သာ၊ အစည်းအဝေးခန်းမတွင် ဖိတ်ကြားထားသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ချင်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ လူမှုရေးပရဟိတလုပ်ငန်းများလုပ်ကိုင်နေသော NGO အဖွဲ့အစည်းများ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို စိတ်ပါဝင်စားသော ဒေသခံအမျိုးသမီး(၃၂)ဦးနှင့် တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ချင်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် MWCDF အသင်းမှ ဝန်ကြီးဌာနနှင့်ချိတ်ဆက်၍ အမျိုးသမီး၊ ကလေးများအပေါ် လုပ်ဆောင်နေမှုများကို ရှင်းလင်းပြောကြားခဲ့ပါသည်။
MWCDF အသင်းဥက္ကဋ္ဌ ဒေါက်တာဝေဝေသာမှ အသင်းအကြောင်း၊ အသင်းနှင့်ဆက်သွယ်ဆောင် ရွက်နေသောအခြား NGO အသင်းများ၏ အကြောင်း၊ ယခုနှစ်တွင် အသင်းမှ လုပ်ဆောင်နေသည့် လုပ်ငန်းများအကြောင်း၊ ချင်းပြည်နယ်ရှိ အမျိုးသမီးနှင့်ကလေးများအတွက် ဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ယခုလို MWCDF အသင်းအဖွဲ့ ဖွဲ့စည်းရန် တွေ့ဆုံရခြင်းဖြစ်ပါကြောင်းနှင့် လူမူရေးလုပ်ငန်းများအား စိတ်ပါဝင်စားသော မည်သူမဆို အသင်းမှ ကြိုဆိုပါကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
အသင်းဗဟိုအလုပ်အမှုဆောင် ဒေါက်တာရီဘက်ခါထင်မှ Good Treatment Program
(ကောင်းမွန်စွာဆက်ဆံခြင်းမှသည် ပြောင်းလဲမှု တစ်ရပ်ဆီသို့) အကြောင်း အသေးစိတ်ရှင်းလင်း ပြောကြားဆွေးနွေးခဲ့ပါသည်။
၎င်းနောက် အစည်းအဝေးသို့ တက်ရောက်လာသူများ၊ အခြား NGO အဖွဲ့များ၏ မေးမြန်းမှုများကို အပြန်အလှန် ဆွေးနွေးခဲ့ပြီး ချင်းပြည်နယ် ကိုယ်စားပြု MWCDF အသင်းဝင်အလုပ်အမှုဆောင်အဖွဲ့အား အသင်းမှ အသင်းတီရှပ်၊ လုံချည်၊ တံဆိပ်နှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။