







(၇.၈.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF)အသင်း၏ (၁၁)နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားကို နေပြည်တော်၊ Horizon Lake View Hotel တွင် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း၏ ဂုဏ်ထူးဆောင်နာယကများဖြစ်ကြသည့် ဒေါ်ကြူကြူလှ၊ ဒေါ်ခင်သက်ဌေးနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အလှူရှင်များ၊ အသင်းမှ ဥက္ကဌ၊ ဒုဥက္ကဌ၊ ဗဟိုအလုပ်အမှုဆောင်များနှင့် ပြည်နယ်/တိုင်းများမှ အသင်းဝင်များတက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းမှ အဖွင့်အမှာစကားပြောကြားခြင်း၊ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ဥက္ကဌ ဒေါက် တာဝေဝေသာက ကြိုဆိုနှုတ်ခွန်းဆက်ပြောကြားခြင်း၊ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာ နန္ဒာမွှန်းမှ “ရှေ့သို့လှမ်းချီ အာဆီယံနိုင်ငံများရှိ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆီ” ခေါင်းစဉ်ဖြင့် ဆွေးနွေး ပြောကြားခြင်း၊ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း၏ ဆောင်ပုဒ်ဖြစ်သော “ လုံခြုံလှပဘဝများ အမျိုးသမီးနှင့်ကလေးတိုင်းရစေသား” Documentary Movie နှင့် ကောင်းမွန်စွာဆက်ဆံခြင်းမှသည် ပြောင်းလဲခြင်းဆီသို့ ဦးတည်ဆောင်ရွက်နေသည့် အသင်း၏ လှုပ်ရှားမှုမှတ်တမ်းများကို ပြသခဲ့ပါသည်။ ယင်းနောက် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း၏ ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှက ပဲခူးတိုင်းဒေသကြီးမှဆောင်းပါးဆုများနှင့် အမျိုးသားစာပေဆုရရှိသူ ဒေါ်ခင်ဝတ်ရည်နှင့် ရှမ်းပြည်နယ်မှ လူမှုရေးထူးချွန်ဆုရရှိသူ ဒေါ်ကေသီအောင်တို့အား ဆုများချီးမြှင့်ခြင်း၊ ဂုဏ်ထူးဆောင်နာယက ဒေါ်ခင်သက်ဌေးမှ ကချင်ပြည်နယ်လူမှုရေးထူးချွန်ဆုရရှိသူ ဒေါ်ခင်လေးမေအား ဆုချီးမြှင့်ခြင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းမှ World Vision International Founder Award ရရှိသူ ဒေါ်နီဆက်တင်ထူးအား ဆုချီးမြှင့်ခြင်း၊ အသင်း (၁၁)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားတွင် အလှူရှင်များ၏ လှူဒါန်းမှုများကို ဂုဏ်ပြုမှတ်တမ်းတင်ကြေငြာခြင်း၊ မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း၏ ဂုဏ်ထူးဆောင်နာယကများသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးခြင်း၊ ခင်းကျင်းပပြသထားသည့် ဓါတ်ပုံမှတ်တမ်းပြခန်းနှင့် ထုတ်ကုန်ပစ္စည်းများကို ကြည့်ရှုလေ့လာအားပေးခဲ့ပြီး အခမ်းအနားအစီအစဉ် ပထမပိုင်းကို ရုပ်သိမ်းခဲ့ပါသည်။